Sunday, October 10, 2010

ရေ၊ လေ၊ ဆွဲငင်အားတို့ ရှိသော ကမ္ဘာသစ်ကို တွေ့ရှိပြီ

လေ့လာတွေ့ရှိသမျှထဲတွင် လူတို့ နေထိုင်ရာ ကမ္ဘာမြေနှင့်အတူဆုံး ရေ၊ လေ၊ ဆွဲငင်အားတို့ ရှိသော ကမ္ဘာသစ်ကို တွေ့ရှိပြီ ဖြစ်ကြောင်း နက္ခတ်ဗေဒ ပညာရှင်များက စက်တင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။ လူတို့နေထိုင်ရာ ကမ္ဘာထက် သုံးဆမျှကြီးသော ယင်းဂြိုဟ်ကြီးသည် ပတ်နေသော နေ၏ သမုဒ္ဒရာ၊ မြစ်၊ ချောင်း၊ ကန်တို့ ဖြစ်ပေါ်စေနိုင်သည့် ရေ(အရည် အသွင်) ရှိနိုင်သော မပူလွန်း မအေးလွန်းသည့် အခြေအနေရှိ အာကာသဒေသ Goldilock zone တွင် တည် ရှိနေသည်ဟု ဆိုသည်။  

ကမ္ဘာမြေနှင့် အလင်းနှစ် ၂၀ အကွာတွင် ရှိသော ယင်းဂြိုဟ်သည် လွန်ခဲ့သော သုံးနှစ်ခန့်က နက္ခတ်ဗေဒ ပညာရှင်များ တွေ့ရှိခဲ့သည့် သက်ရှိများ နေထိုင်နိုင်ခြေ အနည်းငယ်ရှိသည်ဟု သုံးသပ်ရသော ဂြိုဟ်နှင့် နေ တစ်ခုတည်းကို အတူ ပတ်နေ ကြောင်းကိုပါ တွေ့ရှိခဲ့ရသည်။

တွေ့ရှိမှုအရ စကြ၀ဠာအတွင်းတွင် လူသားတို့ နေထိုင်ရာ ကမ္ဘာနှင့် တူညီသော ဂြိုဟ်များ အမြောက်အမြား ရှိနေနိုင်သည်ဟုပင် ယူဆရစေနိုင်သည်ဟု သုတေသန ပညာရှင်များက သုံးသပ်ခဲ့သည်။

 ''ဒီလိုမျိုး ဂြိုဟ်ကမ္ဘာတွေ ရှားတယ်ဆိုရင်၊ ကျွန်တော်တို့ဟာ တစ်ခုလောက် ရှာတွေ့ဖို့ ဒီလောက်မြန်မှာ မဟုတ်သလို အဲဒီတွေ့ခဲ့တဲ့ နေရာနားမှာပဲ နောက်တစ်ခု ထပ်တွေ့ဖို့လည်း ဒီလောက် မမြန်နိုင်ပါဘူး''ဟု သုတေသနကို ဦးဆောင်ခဲ့သည့် ကာလီဖိုးနီးယား တက္ကသိုလ်မှ ဒေါက်တာ စတီဗင်ဗော့တ်က ပြောကြားခဲ့သည်။

''သက်ရှိတွေ ရှင်သန်ကျက်စားနိုင်ခြေ ရှိတဲ့ ဂြိုဟ်တွေ တွေ့ရှိနိုင်ခြေ က ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက် ရှိနိုင်တယ်ဆို နဂါးငွေ့တန်း ကြယ်စင်စုထဲက ဘီလျံရာပေါင်းများစွာ ရှိတဲ့ ကြယ်တွေနဲ့ မြှောက်လိုက်ရင် ဒီလို စနစ်မျိုးရှိနိုင် တဲ့ ဂြိုဟ်တွေ ကျွန်တော်တို့ ကြယ်စင်စုထဲမှာတင် ဘီလျံဆယ်ချီ ရှိနိုင်တယ်''ဟု စတီဗင်ဗော့တ်က ဆိုသည်။

တွေ့ရှိသည့် ဂြိုဟ်သစ်မှာ အလွန်ဝေးသောကြောင့် အလင်း၏ အမြန်နှုန်းမျှ မြန်သော အာကာသယာဉ်ဖြင့် သွားလျင်ပင် နှစ် ၂၀ မျှ ကြာနိုင်ပြီး ဒုံးယာဉ်များသာ အလင်းအမြန် နှုန်း ၁၀ ပုံတစ်ပုံမျှ မြန်ဆန်စွာသွားနိုင်သည့် အခါတွင်ပင် ခရီးစဉ်မှာ အနှစ် ၂၀၀ ကြာမည် ဖြစ်သည်။

အလွန်ဝေးကွာသော ကြယ်များ (နေများ)ကို ပတ်နေသည့် ဂြိုဟ်များမှာ တယ်လီစကုပ်ဖြင့် ကြည့်ရန် အလွန် သေးငယ်လွန်းသောကြောင့် နက္ခတ်ပညာရှင်များသည် ကြယ်၏ ဆွဲငင်အားဆိုင်ရာ မတည်မငြိမ် လည်ပတ်မှုများကို ကြည့်ပြီး ၎င်းပတ် လည်တွင် ဂြိုဟ်များ လည်ပတ်နေမှုကို တွက်ချက်ရခြင်း ဖြစ်သည်။

ဟာဝိုင်အီရှိ W.M.Keck Observatory တွင် ၁၁ နှစ်ကြာ လေ့လာမှုမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ တူရာသီခွင်အတွင်းရှိ Gliese 581 ဟု အမည်ပေးထားသော ကြယ်နီငယ်ကို လှည့်ပတ်နေသည့် ဂြိုဟ်ဖြစ်သောကြောင့် Gliese 581 ဟု အမည် ပေးထားသည်။ ကမ္ဘာမြေမှ မိုင်နှင့်တွက်လျှင် ၁၁၈၀၀၀၀၀၀၀၀၀၀၀၀ မိုင် ကွာဝေးသည်။ ထူးခြားချက်မှာ ဂြိုဟ်၏ တစ်ဖက်ခြမ်းသည် အမြဲမှောင် အနေအထားရှိပြီး တစ်ဖက်မှာ အမြဲ လင်းအနေအထား ရှိနေခြင်းပင် ဖြစ်သည်။

နက္ခတ်ပညာရှင်များသည် လူသားတို့၏ နေစကြ၀ဠာပြင်ပရှိ ဂြိုဟ်ပေါင်း ၅၀၀ ခန့်ကို တွေ့ရှိခဲ့ပြီး ဖြစ်သော်လည်း အများစုမှာ အလွန်ကြီးပြီး ကျောက်ဆောင်များဖြင့် ဖွဲ့တည်ထားခြင်း မဟုတ်ဘဲ ဓာတ်ငွေ့တို့ဖြင့် ဖွဲ့တည်ထားကာ သက်ရှိတို့ ဖြစ်ထွန်း ရန် မဖြစ်နိုင်ပေ။ 

No comments:

Post a Comment