Monday, May 16, 2011

ဆာမိုအာကျွန်း နိုင်ငံငယ်တွင် အချိန်ကို အနာဂတ်သို့ တစ်ရက်ကျော်ပစ်မည်

ကမ္ဘာကြီး၏ အနောက်ဘက် အကျဆုံးနေရာ၊ အပြည်ပြည်ဆိုင်ရာ ရက်စွဲမျဉ်းနှင့် မိုင် ၂၀ အကွာတွင် ရှိသော ဆာမိုအာကျွန်းသည် ခရီးသွားများအတွက် ကျောက်ဆောင် ထူထပ်သော မူလင်နူအူ အငူဖြင့် ထင်ရှားသည့် အရပ်ဒေသ ဖြစ်သည်။
နေ၀င်သည်ကို နောက်ဆုံး ကြည့်နိုင်သော တောင်ပစိဖိတ်ကျွန်း နိုင်ငံငယ်သည် ယခုအခါ အချိန်ကို အနာဂတ်သို့ တစ်ရက်ရွှေ့ပစ်ပြီး နေ့သစ်ကို ပထမဆုံး ကြုံတွေ့ရသည့်နိုင်ငံ ဖြစ်လာရန် ပြောင်းလဲတော့မည် ဖြစ်သည်။
အမေရိကန်၊ ဗြိတိန်တို့နှင့် ယခင်က ကုန်သွယ်ခဲ့သော ဆာမိုအာသည် ယခုအခါ သြစတြေးလျ၊ နယူးဇီလန် တို့နှင့် ကုန်သွယ်မှု များလာခြင်းနှင့်အတူ ၎င်းတို့နှင့် စံတော်ချိန် တူစေရန် ယခု အပြောင်းအလဲသည် လိုအပ်လာသည်ဟု ၀န်ကြီးချုပ် တူလေပါလူပီဆိုလီယာအီဆေလ်လီလီ က ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ဆာမိုအာသည် နယူးဇီလန်နှင့် ၂၃ နာရီ ကွာနေပြီး သြစတြေးလျနှင့် ၂၁ နာရီ ကွာနေသည်။ ယင်းအိမ်နီးချင်းများနှင့် အလုပ်ချိန်တူသည်မှာ တစ်နေ့လျှင် ၄ နာရီသာ ရှိနေပြီး ချိတ်ဆက် လုပ်ရသည်များတွင် အဆင်မပြေမှုများ ရှိသည်။ နယူးဇီလန်နှင့် သြစတြေးလျတွင် စနေနေ့ ရောက်သွားချိန်၌ အမေရိကန် ဆာမိုအာတွင် သောကြာနေ့သာ ရှိသေးခြင်း၊ ယင်းနိုင်ငံများတွင် တနင်္လာနေ့ ကူးချိန်၌ ဆာမိုအာ၌ တနင်္ဂနွေသာ ရှိသေးခြင်း တို့ကြောင့် ကုန်သွယ်ရေးနှင့် ဆက် သွယ်ရေးတွင် တစ်ပတ်လျှင် နှစ်ရက် အဆင်မပြေ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။
အပြည်ပြည်ဆိုင်ရာ ရက်စွဲမျဉ်း အနီးတွင် ရှိနေသောကြောင့် ရက်စွဲတစ်ရက် စသည့် အချိန်ကယူ၍ ရနိုင်သလို အဆုံးအဖြစ် ယူလျှင်လည်း ရနိုင်သည့် အခြေအနေတွင် ရှိသည်။ ဆိုလိုသည်မှာ မေ ၁၂ ရက်နေ့ စသည့် အချိန်တွင် ယူပါက ဆာမိုအာ သည် ကမ္ဘာပေါ်တွင် အစောဆုံး ဖြစ်လာမည် ဖြစ်သလို ၁၂ ရက်နေ့ အဆုံးအဖြစ် ယူပါက ကမ္ဘာပေါ်တွင် နောက်ဆုံး ဖြစ်လာမည် ဖြစ်သည်။ ယခုအခါ နောက်ဆုံးအဖြစ် ယူထားခြင်းမှ ရှေ့ဆုံးအဖြစ် ပြောင်းယူရန် စီစဉ်ခြင်း ဖြစ်သည်။ အပြောင်းအလဲကို ဒီဇင်ဘာ ၂၉ ရက်နေ့ သန်းခေါင်ယံ အချိန်တွင် လုပ်မည် ဖြစ်ပြီး တစ်ရက်ကျော်ကာ ဒီဇင်ဘာ ၃၁ ရက်နေ့သို့ ရောက်သွားမည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မူလစံတော်ချိန်အရ ဆာမိုအာ၏ ဒီဇင်ဘာ ၂၉ ရက် အကုန် ၃၀ ရက် အကူးသည် ရက်စွဲမျဉ်း အစတွင် ၃၁ ရက် အကူး ဖြစ်နေပြီ ဖြစ်သောကြောင့် ဖြစ်သည်။
ယခု အပြောင်းအလဲအပေါ် မနှစ်သက်သူများလည်း ရှိနေပြီး တစ်ချိန်က တစ်ပေါင်းတည်း ရှိခဲ့သော အနီးဆုံး အိမ်နီးချင်း အမေရိကန်နှင့် အချိန်လုံးဝမတူ ဖြစ်သွားမည် ဖြစ်သလို ကမ္ဘာ့နောက် အကျဆုံး နေ၀င်ချိန် အဖြစ် ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်မှု ဆုံးရှုံးမည်ကိုလည်း စိုးရိမ်နေသည်။ ဆာမိုအာသည် ၁၈၉၂ ခုနှစ်၊ အမေရိကန် လွတ်လပ်ရေးနေ့တွင် အပြည်ပြည်ဆိုင်ရာ ရက်စွဲမျဉ်း ရှေ့ဆုံးမှ နောက်ဆုံးသို့ တစ်ကြိမ် ပြောင်းခဲ့ဖူးသည်။ ထိုစဉ်က ယခုတစ်ခါနှင့် ပြောင်းပြန် အဖြစ် ဇူလိုင် ၄ ရက်နေ့ နှစ်ကြိမ် ရှိခဲ့သည်။

No comments:

Post a Comment