Thursday, January 20, 2011

အဆိုတော်များ နာရေးအသင်း ဗီစီဒီ ရိုက်ကူး

လူမှုရေးနှင့် ငြိမ်းချမ်းရေး အမည်ရ တေးသီချင်းအပုဒ် ၃ဝ ကို အဆိုတော်နှင့် ဂီတပညာရှင် ၂ဝ ခန့် သီဆို၍ နာရေးကူညီမှုအသင်း (ရန်ကုန်) အလှူရှင်များသို့ ဂုဏ်ပြုလက်ဆောင်ပေးရန် ဗီစီဒီ ရိုက်ကူးနေကြသည်။

အသင်းလုပ်ဆောင်ချက်၊ ပေးဆပ်မှု မြင်ကွင်းများဖြင့် ပုံဖော်ရိုက်ကူးကာ အလှူရှင်များအတွက် အကန့်အသတ်ဖြင့် ပြန်လည်ပေးဝေရန် မနေ့မှစ၍ ရိုက်ကူးခြင်း ဖြစ်သည်။ သီချင်း ၃ဝ ကို ဗီစီဒီ ၃ ခွေ ထုတ်လုပ်မည် ဖြစ်သည်။

အဆိုတော် ဆောင်းဦးလှိုင် ပါဝင်ရေးသားကာ ကိုရဲလွင် (မဇ္ဈိမလှိုင်း)၊ အလင်္ကာ (Metal Zone)၊ နိုင်ဇော် (Lazy Club)၊ BK+2 (Hip Hop) တို့ တီးခတ်ထားပြီး ကျားပေါက် (Big Bag)၊ သားထွေး၊ ကောင်းပြည့်၊ ရိန်မိုး၊ ရည်မွန်လမင်းနှင့် ပါဝင်သီဆိုထားသည်။ အသံဖမ်း အင်ဂျင်နီယာများ၊ အသံဖမ်း စတူဒီယိုများအပါအဝင် အားလုံးက အနုပညာ ဒါနပြုထားသည်။

“လူမှုရေးတွေ၊ ကောင်းမှုကုသိုလ်တွေ ဆောင်ရွက်နေတဲ့သူတွေ ဆက်ပြီးတော့ အားကျိုးမာန်တက် ပျံသန်းသွားဆိုတာက - ကဗျာအသေးလေး၊ စာအသေးလေးနဲ့ လူမှုရေးလုပ်ငန်းတွေကို ဆက်လုပ်ကြပါ၊ အားကျိုးမာန်တက်နဲ့ ဆက်လုပ်ကြပါ၊ ဆက်လုပ်နိုင်ကြပါစေလို့ တိုက်တွန်းတဲ့ သဘောနဲ့ ရေးစပ်ခဲ့တာပါ” ဟု ဆောင်းဦးလှိုင်က မဇ္ဈိမကို ပြောသည်။


ရန်ကုန်လူထုအကြား အားကိုးအားထားပြုနေရသော နာရေးအသင်းအတွက် ယခင်ကလည်း စိုးသိင်္ခ (ရေး/ဆို)၊ မေခလာ၊ နှင်းဧကရီ၊ စိုးပိုင်၊ မေရွက်ဝါ၊ အနဂ္ဂ၊ ဂျေမီ၊ ချစ်စိုး၊ ချမ်းအေးဝင်း၊ ချိုချို၊ RT (အာတီ)၊ ဘိုလေး၊ ပြည်သာ၊ ဂျီတုန်းနှင့် သုတ (Cyclone) တို့ကလည်း အသံသက်သက် သီချင်းစီဒီခွေ ဒါနပြုခဲ့သေးသည်။ အဆိုတော်များ၏ သီဆိုပါဝင်မှုမှာ ယခုပထမဆုံး ဖြစ်သည်။


’’အဆိုတော်တွေက မေတ္တာနဲ့ ဆိုပေးတဲ့အတွက် အရုပ်ချည်းပဲ ထည့်ပြီး ပေးလို့မဖြစ်လို့ အဆိုတော်တွေရဲ့ ရုပ်လေးတွေကို ကြားညှပ်ပြီးတော့ ထည့်ပေးတဲ့ သဘောပါ’’ ဟု  နာရေးကူညီမှုအသင်း ဦးဆောင်သူ ဦးကျော်သူက ပြောသည်။


၂ဝဝ၁ ခုနှစ်တွင် အသင်းကို ထူထောင်ခဲ့ပြီး ကား ၁၉ စီးဖြင့် ရန်ကုန်တွင် အသုဘ အခမဲ့ ပို့ဆောင်ခဲ့သည်။ အသင်းက သုခ ကုသိုလ်ဖြစ် ဆေးခန်းပါ ဖွင့်ထားရာ စေတနာ့ဝန်ထမ်း ၃ဝဝ ကျော်၊ ဆရာဝန် ၅ဝ ခန့်နှင့် ပုံမှန်ဝန်ထမ်း ၆ဝ ကျော်နှင့် အခမဲ့ ကုသပေးနေသည်။


ဆေးရုံသုံး လူနာကုတင်များ၊ လက်တွန်းလှည်းထိုင်ခုံများ၊ ချိုင်းထောက်များ၊ အောက်ဆီဂျင်အိုးများ လိုအပ်သော လူနာများကို လှူဒါန်းငှားရမ်းမှု အခမဲ့ ဆောင်ရွက်ပေးသည်။ ထို့ပြင် သုခအလင်း စာကြည့်တိုက်ပါ ဖွင့်လှစ်ထားသည်။
(မဇ္ဈိမ)

No comments:

Post a Comment