Sunday, September 12, 2010

လက်နှိပ်စက်ဖြင့် ပန်းချီဆွဲသော ဗြိတိန်အမျိုးသမီး

ဗြိတိန်မှ ကီရာရက်သ်ဘုန်း ဆိုသူ အမျိုးသမီးသည် လက်နှိပ်စက် အသုံးပြုပြီး နာမည်ကျော်တို့၏ ရုပ်ပုံ ပန်းချီကားများ ရေးဆွဲခြင်းဖြင့် ထင်ရှားနေကြောင်း သိရသည်။

လွန်ခဲ့သော နှစ်ပေါင်း ၇၀ ခန့်က လက်နှိပ်စက် အပါအ၀င် ၎င်းတွင်ရှိသော လက်နှိပ်စက် သုံးဆယ်ကျော်ဖြင့် ပန်းချီကားချပ်များ ရေးဆွဲခြင်း ဖြစ်သည်။လက်နှိပ်စက်မှ စာလုံးများ၊ ကိန်းဂဏန်းများ၊ ပုဒ်ဖြတ်များသည် စာရွက်ပေါ်တွင် စာကြောင်းများ သာ ထင်စေနိုင်သော်လည်း ရက်သ်ဘုန်းက လက်နှိပ်စက် ဒလိမ့်တုံးကို ရှေ့နောက်အပေါ်အောက် ရွှေ့ပြီး ရိုက်ခြင်းဖြင့် လူပုံပေါ်စေခြင်း ဖြစ်သည်။ အသက် ၂၇ နှစ်အရွယ်ရှိ ရက်သ်ဘုန်းသည် အမေရိကန်သမ္မတ ဘာရက်အိုဘားမား၊ နာမည်ကျော်ရုပ်ရှင် မင်းသမီး မာရီလင်မွန်ရိုး၊ နာမည်ကြီး မော်ဒယ် ကိတ်မော့စ် တို့၏ပုံများကို ရေးဆွဲခဲ့သည်။
''လက်နှိပ်စက်နဲ့ ပန်းချီဆွဲရတာ ကျွန်မ မြတ်နိုးပါတယ်။ ဒါဟာ ပျော်စရာကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်သလို ပုံဆွဲဖို့ အလွန်ကောင်းတဲ့ နည်းလမ်း တစ်ခုပါ။ တစ်ခါတလေဆို လက်နှိပ်စက်တစ်လုံးနဲ့ လန်ဒန်တစ်ဝိုက် လျှောက်သွားပြီး မြင်ရတာတွေကို ပန်းချီဆွဲပါတယ်။ လူတွေကတော့ ပုံမှန်အားဖြင့် အရမ်းအံ့သြဖို့ ကောင်းတာပဲလို့ ပြောကြပါတယ်''ဟု ရက်သ်ဘုန်း က ဆိုသည်။
ကီရာရက်သ်ဘုန်းသည် တက္ကသိုလ်ကျောင်းသူ ဘ၀ကတည်းက လက်နှိပ်စက်ဖြင့် ပန်းချီရေးရန် စိတ်ကူးရခဲ့ပြီး ခုနစ်နှစ်အတွင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဒေးဗစ်မီလီဘန်း၊ မယ်ကမ္ဘာဟောင်း ဘောလိဝုဒ်ရုပ်ရှင် မင်းသမီး အက်ရှ်ဝါယာ ရိုင်း တို့၏ ပုံတူများလည်း ရေးဆွဲခဲ့သည်ဟု သိရသည်။ မဂ္ဂဇင်း မျက်နှာဖုံးများနှင့် ပွဲတော်များ၊ အခမ်းအနားများ အတွက်လည်း ရေးဆွဲပေးသည်ဟု သိရသည်။

No comments:

Post a Comment