Saturday, March 26, 2011

သင်္ကြန်သံချပ်၊ ကက်ဆက်ဇာတ်လမ်း၊ ဗီဒီယိုဇာတ်ညွှန်း၊ ဒါရိုက်တာ၊ သရုပ်ဆောင်စတဲ့ လှုပ်ရှားမှုများနဲ့ အနုပညာခရီးကို ကာလရှည် လျှောက်လှမ်းလာခဲ့သူ ဗေလုဝရဲ့ငယ်ဘဝ

မြန်မာတွေရဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ မဟာသင်္ကြန်ပွဲကို ဆင်နွှဲဖို့ ရက် ၂၀ သာလိုပါတော့တယ်။မဟာ သင်္ကြန်အကြောင်းကို တွေးတောမိ စဉ်မှာပဲ "မောင်မောင်ဆိုလေထီးရိုးရှည်"အဖွဲ့ရဲ့ သင်္ကြန်သံချပ် ဖျော်ဖြေမှုတွေနဲ့ ပရိသတ်တွေသိရှိထားတဲ့ မောင်မောင်မြင့်အောင်(ခေါ်) ဗေလုဝ ကို သတိရမိခဲ့ပါတယ်။ ဒါကြောင့် လည်းသင်္ကြန်နဲ့ အမှတ်တရတွေရှိခဲ့ တဲ့ ဗေလုဝရဲ့ငယ်ဘ၀ကိုတင်ပြပေး ဖို့ ရွေးချယ်ဖြစ်ခဲ့ပါတယ်။
ဗေလုဝဆိုလိုက်တာနဲ့ လွန်ခဲ့ တဲ့နှစ် ၂၅ ၀န်းကျင်က ရန်ကုန်မြို့ ရဲ့သင်္ကြန်ကာလတွေမှာ  ဂန္ထ၀င် မောင်ဝိုင်းဦးဆောင်တဲ့ "မောင်မောင် ဆိုလေထီးရိုးရှည်" သင်္ကြန်သံချပ် ဖျော်ဖြေမှုတွေမှာ မောင်မောင်မြင့် အောင်အမည်နဲ့ တက်ကြွစွာ လှုပ်ရှားခဲ့တာတွေကို ပရိသတ်များကအောက်မေ့ သတိရကြမှာပါ။ သင်္ကြန်ရောက်ရင် သူတို့အဖွဲ့မပါရင်မပြီးခဲ့ပါဘူး။ အစ်ကိုဖြစ်သူ ဂန္ထ၀င်မောင်ဝိုင်းရဲ့ ဦးဆောင်မှုတွေအပြင် ကိုယ်တိုင်သင်္ကြန် သံချပ်ခေါင်းဆောင်အဖြစ် သူငယ်ချင်းများနဲ့စုစည်းပြီး သင်္ကြန်သံချပ်များစွာကိုလည်း ဖန်တီးလုပ်ဆောင်ခဲ့သူပေါ့။

အဲဒီလို အနုပညာဖန်တီးမှု တွေရှိခဲ့တဲ့ ဗေလုဝရဲ့ ကျင်လည်ရာ ရပ်ဝန်းမှာတော့ အနုပညာဆက်နွယ်သူဆိုလို့ အစ်ကိုကြီးဖြစ်သူ မောင်မောင်နေ၀င်း(ခေါ်) ဂန္ထ၀င်မောင်ဝိုင်း (ကွယ်လွန်) တစ်ယောက်သာ ရှိခဲ့ပါတယ်။ ဗေလုဝရဲ့ ဖခင်ဖြစ်သူ ဦးစည်သူက သာယာဝတီမြို့ ရေဝေ ရပ်ကွက်မှာ မြသီတာသစ်စက် တည်ထောင်လုပ်ကိုင်ပြီး မိခင်ဖြစ်သူဒေါ် ခင်စိန်ကတော့ သားသမီးငါးဦးရဲ့ တာဝန်တွေနဲ့အချိန်ကုန်နေသူပါ။
"ကျွန်တော့်ကို ၁၃၁၈ ခုနှစ် နယုန်လဆန်း ၅ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ ဆွေမျိုးအသိုင်းအ၀ိုင်းက ကုန်သည်မျိုးရိုးပေါ့။ ကျွန်တော်က စတုတ္ထမြောက်သားပါ။  ကျွန်တော် ငယ်ငယ်ကတည်းက အနုပညာမျိုးရိုး မရှိပေမယ့် ဇတော့ရှိတယ်။ အလယ် တန်းကျောင်းသားအရွယ်မှာ ဆရာ ကြီးကခုံပေါ်တတ်ပြီး သီချင်းဆို ခိုင်းရင်ပျော်နေတာလေ။ သီချင်း အပြင် အစ်ကိုတွေလုပ်သား ကောလိပ်တက်တဲ့အချိန် ကျွန်တော်ဆယ်ကျော်သက်အရွယ်မှာ အစ်ကိုတွေဖတ်တဲ့ စာအုပ်တွေကိုဖတ်တယ်။  စာပေါင်းစုံကို စွဲစွဲမြဲမြဲဖတ်ဖြစ်ခဲ့တယ်"လို့ သူ့ ဘ၀အစခရီးကို ဖွင့်ဟခဲ့ပါတယ်။
လူကောင်သေးသေးလေးနဲ့ စာပေကောင်းတွေကို ဆယ်နှစ်သားအရွယ် ကတည်းက လေ့လာမှုအားကောင်းခဲ့တဲ့ ဗေလုဝကပညာသင်ယူမှုတွေ ကို တောင်ဥက္ကလာပ (၉) ရပ်ကွက်  အ.မ.က (၁၀)ကျောင်းနဲ့၊ အ.လ.က (၃)တောင်ဥက္ကလာပကျောင်းတွေမှာ သင်ယူခဲ့သူပါ။ ပြင်ပ စာပေဖတ်ရှုမှု အားကောင်းခဲ့ပြီးအလယ်တန်းကျောင်း သားအရွယ်ကတည်းက အနုပညာပိုး ရှင်သန်လာခဲ့တဲ့ဗေလုဝက ၈တန်း အောင်မြင်ပြီးချိန်မှာတော့ အတန်း ပညာသင်ယူမှုကိုရပ်နားခဲ့ပြီး အစ်ကို ဖြစ်သူနဲ့အတူ အနုပညာအလုပ်တွေ ကိုတွဲဖက်လုပ်ဆောင်ဖို့စိတ်အားသန် ခဲ့ပါတယ်တဲ့။
"စာပေဖတ်တဲ့သူက ဘ၀မှာ အမှားအယွင်းနည်းပါတယ်။ စာပေဟာမရှိမဖြစ် လိုအပ်တဲ့မိတ်ဆွေကောင်းပါ။ စာပေဖတ်ခြင်းအားဖြင့် စာပေက ကိုယ့်ကိုသွန်သင်ပါလိမ့်မယ် ဆုံးမပါလိမ့်မယ်။ လမ်းကောင်းကို ရွေးချယ် ပေးပါလိမ့်မယ်။ ကျွန်တော့်ဘ၀မှာ အတန်းပညာ ဆုံးခန်းမတိုင်ခဲ့ပေမယ့် လမ်းမှားမရောက်ဖို့ စာပေဖတ်ရှုခြင်း က အထောက်အပံ့ဖြစ်ခဲ့သလို သူငယ်ချင်းကောင်းတွေနဲ့ တွေ့ဆုံခြင်းကလည်း အထောက်အပံ့တွေ ဖြစ်ခဲ့ပါတယ်"လို့ ဘ၀အတွေ့အကြုံ ရယူခဲ့မှုတွေအပေါ် ပြောပြခဲ့ပါတယ်။
ဂန္ထ၀င်မောင်ဝိုင်းနဲ့ တွဲဖက်ပြီး  ၁၅ နှစ်တိုင်တိုင် အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက်မှာတော့ အစ်ကိုဖြစ်သူက ပုဒ်မတစ်ခုနဲ့ထောင်ကျခဲ့တာကြောင့် ဗေလုဝက သူကိုယ်တိုင်သံချပ်ခေါင်းဆောင်အဖြစ် ပါဝင်ပြီး သင်္ကြန်ကာလတွေမှာ အစဉ်အလာ မပျက်လှုပ်ရှားခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာတော့ ကက်ဆက် ဇာတ်လမ်းခွေဖန်တီးမှုတွေမှာဒါရိုက်  တာဗေလုဝအဖြစ်နဲ့ ဇာတ်လမ်းခွေ များစွာကို ဖန်တီးလုပ်ဆောင်ခဲ့ပါ တယ်။ သူဖန်တီးခဲ့တဲ့ ကက်ဆက် ဇာတ်လမ်းများဟာလည်း ပရိသတ်များ ရဲ့အသိအမှတ်ပြုမှုကိုရရှိခဲ့ပါတယ်။  အဲဒီနောက်မှာတော့ဗီဒီယိုဇာတ်ညွှန်း ရေးဆရာအဖြစ် နေထက်လင်း၊ ဒွေး၊ လွင်မိုး စတဲ့ အနုပညာရှင်တွေပါဝင် သရုပ်ဆောင်တဲ့ ဗီဒီယိုဇာတ်ကား ပေါင်းများစွာကိုဇာတ်ညွှန်းရေးဖွဲ့ပေး ခဲ့ပါတယ်။ ဇာတ်ညွှန်းရေးဆရာအဖြစ် နှစ်အတန်ကြာ လှုပ်ရှားခဲ့ပြီးချိန်မှာတော့ ဒါရိုက်တာအဖြစ် 'မယားပါ ဆွေမျိုးများ' ဗီဒီယိုဇာတ်ကားကို ပထမဆုံးရိုက်ကူးခဲ့ပြီး အဆိုပါဇာတ် ကားအပါအ၀င် ဗီဒီယိုဇာတ်ကား ၁၀ ကားဝန်းကျင်ကို ဒါရိုက်တာအဖြစ် ပုံဖော်ရိုက်ကူးခဲ့ပါတယ်။ သရုပ် ဆောင်အလုပ်ကို အခါအားလျော်စွာ လှုပ်ရှားမှုရှိခဲ့တဲ့ဗေလုဝကဇာတ်ညွှန်း ရေးဆရာ၊ ဒါရိုက်တာအဖြစ်လှုပ်ရှား နေစဉ်မှာလည်း ရိုက်ကွင်းပေါ်မှာ သရုပ်ဆောင်ဖို့ လိုအပ်လာတဲ့အခါ ပါဝင်သရုပ်ဆောင်ရင်း သူ့ရဲ့သရုပ်ဆောင်မှုတွေကို သဘောကျသူတွေ က သူ့ကို ဟာသသရုပ်ဆောင်အဖြစ် ခေါ်ယူရိုက်ကူးခဲ့ပါတယ်။ ဟာသ သရုပ်ဆောင် ဗေလုဝအဖြစ် ပရိသတ်တွေအကြား ထူးခြားစွာအောင်မြင်မှု ရစေခဲ့တာကတော့ ဒါရိုက်တာမီးပွား ရိုက်ကူးတဲ့ 'ဘီလူး'ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ ဘီလူးရုပ်ရှင်ဇာတ် ကားရဲ့ အောင်မြင်မှုအရှိန်ကြောင့် ဗေလုဝက ဟာသသရုပ်ဆောင်အဖြစ် အနုပညာလှုပ်ရှားမှုများစွာကို ပါဝင်ခဲ့ရပြီး ပရိသတ်များရဲ့လက်ခုပ်သံကို လည်း ရယူနိုင်ခဲ့ပါတယ်။
"ငယ်ငယ်ကတည်းက အနုပညာပဲ ၀ါသနာပါပြီး ဒါပဲလုပ်တတ်တဲ့အတွက် ဒီအလုပ်နဲ့ပဲ ဘ၀ရပ်တည်မယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ ဇာတ်ညွှန်းရေး ဆရာဘ၀တုန်းကတော့ အနာဂတ်ကမရေရာပါဘူး။ အိတ်တစ်လုံးနဲ့ တောရေးတောင်ရေးပေါ့။ ဒါရိုက်တာမီးပွားရိုက်တဲ့ ဘီလူး ကားကတော့ ဗေလုဝဆိုပြီး ပိုမို အောင်မြင်စေခဲ့တယ်။ အနုပညာ အလုပ်လုပ်တဲ့အခါမှာ စိတ်ရင်းဖြူဖို့က အဓိကကျပါတယ်။ တံတောင်နဲ့ အတွတ်ခံရပြီး နံရိုးအောင့်တာတွေ လည်းရှိပါတယ်။ အဲဒါတွေကို သည်းခံကျော်ဖြတ်ရတယ်။ ဘ၀ က ရိုးသားစွာဖြတ်သန်းရင် ရိုးသားတဲ့ တုံ့ပြန်မှုရှိပါတယ်။ အနုပညာ ခရီးကတော့ လှေကားထစ်ကျော် မတက်ဘူး။ နာမည်ကြီးဖို့ ထင်ပေါ် ကျော်ကြားဖို့မဟုတ်ဘဲ ဒီအနုပညာ အလုပ်ကိုသစ္စာရှိနေရင် သူ့ဟာနဲ့သူ အကောင်းဆုံး တုံ့ပြန်ပါတယ်။ အဓိက က ရိုးသားဖို့ပဲလိုတာပါ" လို့ ဗေလုဝကဘ၀ခရီးနဲ့ အနုပညာ ခရီးလျှောက်လှမ်းမှုအပေါ်ထားတဲ့ သူ့ရဲ့ယုံကြည်ချက်ကို ဆိုလာပါ တယ်။
ဗေလုဝက အသက် ၄၀ကျော် အရွယ်မှာသူ့ရဲ့ချစ်သူ စုစုခိုင်နဲ့အိမ် ထောင်ထူထောင်ခဲ့ပြီး လက်ရှိ အိမ်ထောင်သက် ၈ နှစ်အကြာမှာတော့  ၇နှစ်အရွယ် သားကြီးဗေလုသက္ကရာဇ် နဲ့ ၂ နှစ်ခွဲအရွယ် သားငယ် လရောင် သက္ကရာဇ်တို့ရဲ့ ဖခင်အဖြစ် သာယာပျော်ရွှင်ဖွယ်မိသားစုနဲ့အတူ ဗဟန်း မြို့နယ် ဂွတ္တလစ်(ဈေးကွေ့)အနီး အရှေ့ဗဟိုလမ်း တိုက် ၁၂ မှာ နေထိုင်ရင်း အနုပညာရပ်ဝန်းမှာ ပုံမှန်လျှောက်လှမ်းလျက်ရှိပါတယ်။
ဗေလုဝရဲ့ ဘ၀မှာအဖြစ်ဆုံးအရာကတော့ "လူရယ်လို့ဖြစ်လာရင် လူ့တာဝန်ကျေဖို့အရေးကြီးပါတယ်။ ၁၀၀ရှိတဲ့ထဲမှာ တစ်ခုလောက်ပဲ တာဝန်ကျေနိုင်ရင် အဲဒီတစ်ခုကိုပဲ တာဝန် ကျေနိုင်အောင် ကြိုးစားဖို့လိုပါတယ်။ ကျွန်တော့်ဘ၀မှာ တာဝန်တစ်ခုမှ မကျေမှာကိုပဲကြောက်တာပါ။နောက် ပြီး ကျွန်တော် ပြည်သူချစ်တဲ့လူတစ် ယောက် ထာဝရဖြစ်ချင်တယ်။ သေရင်လည်း ခေါင်းထဲမှာ ပြုံးပြုံးလေး သေသွားချင်တယ်။ ဒါပါပဲ"တဲ့။
ရှေ့ဆက်မယ့် အနုပညာခရီးနဲ့ ပတ်သက်ပြီး ဖွင့်ဟလာတာကတော့ "အသက်ကြီးလာရင် အေးချမ်းမှုရှာ တဲ့အနေနဲ့စာရေးမယ်။ ဒါကြောင့် အခုချိန်မှာ စာအုပ်တွေစုပြီး များများ လေ့လာနေတယ်။ ဒါမလုပ်မဖြစ် လုပ်ရမယ့်အလုပ်ပါ။ စိတ်ရဲ့ငြိမ်းချမ်း ခြင်းကိုရှာတာပါ။ ဗေလုဝဆိုတာ သာယာငြိမ့်ညောင်းတဲ့ အသံတစ်သံထွက်တဲ့ လူတစ်ယောက်ပါ"တဲ့လေ . . .

No comments:

Post a Comment