ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဦးဆောင်မှုနဲ့ ရိုက်ကူးဖို့ စီစဉ်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားမှာ ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်လိုတဲ့ သရုပ်ဆောင်သစ်တွေ စတင်လျှောက်ထားနိုင်ပြီလို့ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့က ပြောပါတယ်။
လျှောက်ထား မယ့်သူဟာ အသက် ၂၀ နဲ့ ၃ဝ အကြား မြန်မာနိုင်ငံသား ဘယ်သူမဆို လျှောက်ထားနိုင်ပြီး ပါဝင် သရုပ်ဆောင်လိုတဲ့ အဓိက အကြောင်းအရင်းကို စာကြောင်း ၁၀ ကြောင်းမှ ၃၀ အထိ ရေးသားကာ သတ်မှတ်ထားတဲ့ လျှောက်လွှာပုံစံဖြည့်ပြီး ဓာတ်ပုံတွေနဲ့တကွ လျှောက်ထားနိုင်တယ်လို့သိရပါတယ်။
ဗိုလ်ချုပ် အောင်ဆန်းနဲ့ရုပ်တူသူကို အဓိကထား ရွေးချယ်မှာဖြစ်တယ်လို့ ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ဝင် ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။
“ဗိုလ်ချုပ်နဲ့ အတူဆုံးလူကို ရွေးမှာပါ၊ အဓိကကတော့ ရုပ်ကို ပထမအဆင့် ရွေးမှာပါ၊ ဒုတိယအနေနဲ့ စိတ်ဓာတ်ပေါ့လေ။ ဗိုလ်ချုပ်နဲ့ စိတ်ဓာတ်ကတော့ ဘယ်သူမှ ချွတ်စွပ် မတူနိုင်ပါဘူး။ အနီးစပ်ဆုံးပေါ့လေ။ ခံနိုင်ရည်ရှိတဲ့ စိတ်ဓာတ်မျိုး၊ ပြောမယ်ဆိုရင်တော့ သူ့ကို ဗိုလ်ချုပ်ရဲ့ ကိုယ်ပွား တယောက်အနေနဲ့မွေးလို့ရမယ်။ ဗိုလ်ချုပ်ရဲ့ စိတ်ဓာတ်တွေ ကိန်းအောင်းလာအောင်လို့သွင်းလို့ရမယ်ဆိုရင်တော့ အဲ့လိုလူမျိုးကို နောက်ဆုံး ရွေးမှာပါ။”
ရိုက်ကူးမယ့် အချိန်ကာလကြာမှာ ဖြစ်တဲ့အတွက် အတိမ်းအစောင်း မခံရလေအောင် သရုပ်ဆောင် ၃ ယောက် ရွေးချယ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ သရုပ်ဆောင်မယ့်သူ ရွေးချယ်ပြီးပါက ဗိုလ်ချုပ်ရဲ့ ဇနီး ဒေါ်ခင်ကြည်နေရာမှာ သရုပ်ဆောင်မယ့် သူကို မျက်နှာသစ်ထဲက ရွေးချယ်မှာပါ။ ကျန်တဲ့ ဇာတ်ကောင်တွေ နေရာမှာတော့ ရုပ်ရှင် အနုပညာလောကထဲက သရုပ်ဆောင်တွေက သရုပ်ဆောင်ပေးကြမယ်လို့သိရပါတယ်။
သရုပ် ဆောင်လိုသူတွေအနေနဲ့ မတ်လ ၁၅ ရက် နောက်ဆုံးထားပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း – အမှတ် ၁၀၁ (ဘီ)၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ ဖုန်း – ၀၉၇၃၁ ၆၂၇၀၀ အီးမေးလ်- bogyokeaungsanmovie@gmail.com ကို ဆက်သွယ်ပေးပို့ရမှာ ဖြစ်ပါတယ်။
ရုပ်ရှင်ဖြစ် မြောက်ရေးအဖွဲ့ရုံးကိုတော့ ဖေဖော်ဝါရီ ၁၃ ရက် နေ့ဗိုလ်ချုပ်မွေးနေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ရုံးဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်ရဲ့ ဘဝမှာ အရေးကြီဆုံး လုပ်ဆောင်ခဲ့တဲ့ တိုင်းရင်းသားတွေ သွေးစည်းညီညွတ်ရေးနဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို စပြီးပျိုးခဲ့တဲ့ ဒီဆောင်ရွက်ချက်တွေကို အဓိကထားပြီး ဒီရုပ်ရှင်မှာ ပြစေချင်ပါတဲ့ အကြောင်းနဲ့ ဒီရုပ်ရှင်ကို အနုပညာအရ အဆင့်မြင့်မြင့် ဖြစ်စေချင်တယ်လို့ပြောကြားခဲ့ပါတယ်။
ရုပ်ရှင် ရိုက်ကူး ထုတ်လုပ်ရာမှာ အသုံးပြုနိုင်ဖို့ အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းကို နာရေးကူညီမှုအသင်းက ဦးကျော်သူရဲ့ ဖခင် ဦးစိန်တင်က ဒေါ်အောင်ဆန်းစုကြည်ကို အပြီးအပိုင် လှူဒါန်းခဲ့ပါတယ်။ ဆရာတော် အရှင်ဆန္ဒာဓိကလည်း ရုပ်ရှင်အတွက် ကျပ်ငွေ ၁၂၈ သိန်း၊၊ ဇာတ်မင်းသား ဖိုးချစ်က သိန်း ၄၀ လှူဒါန်းခဲ့တယ်လို့သိရပါတယ်။ (DVB)
No comments:
Post a Comment